Sunday, August 14, 2011

ပထမဆုံးခရီး

သမီးလေးရေ ..
သမီးလေးကို မွေးပြီး မေမေတို့သားအမိ ပြည်က ဘဘတို့အိမ်မှာပဲ မေမေ့ ဗိုက်ခွဲတဲ့အနာ ကျက်တဲ့အထိ နေခဲ့ရတယ်။ သင်္ကြန်ပိတ်ရက်လဲဖြစ်နေတော့ ဖေဖေလဲ မေမေတို့ဆီ လာနေတယ်။ သမီးလေး ၁ လ အရွယ်လောက်၊ နှစ်ဆန်း (2)ရက်နေ့မှာ နေပြည်တော်ကို ပြန်ဖို့ပြင်ကြတယ်။ ပြသနာက သင်္ကြန်အပြီး ရုံးပြန်ဖွင့်တဲ့ရက်ဆိုတော့ ပြည်-နေပြည်တော်ရထားတွေက အရမ်းကျပ်တယ်။ ဘယ်အချိန်မဆို အဲဒီရထားက ကျပ်ပေမယ့် အဲဒီရက်ကတော့ ခြေချစရာတောင် မရှိဘူးဆိုပဲ။ ရန်ကုန်ဘက်က လှည့်ပြန်မလား စဉ်းစားသေးတယ်။ ခရီးက ၂ ဆင့်ဖြစ်သွားမှာဆိုတော့ ဒုက္ခများမယ်လို့စဉ်းစားပြီး နောက်ဆုံး စလွန်းကားလေးတစ်စီး ငှားပြီးပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ (အဲဒီတုံးက ဘဘတို့ကလဲ ကားမ၀ယ်သေးဘူးလေ။)
ကားငှားခက တစ်သိန်းခွဲတောင်ပေးရတယ် သမီးလေးရေ့။ အဲဒီတုံးက မေမေနဲ့ဖေဖေ နှစ်ယောက်ပေါင်း လစာကလဲ ၁ သိန်းခွဲသာသာပဲ။ လစာအပြုတ်ချပြီး ပြန်လာကြတယ်။ ဘဘရယ်၊ ဘွားဘွားရယ်၊ ဖေဖေ၊ မေမေ၊ သမီးလေးနဲ့ သမီးလေးကို ထိန်းပေးမယ့် မေမေတို့ရွာက မေမေ့ငယ်သူငယ်ချင်း ”သူသူ”နဲ့ ကားဆရာအပါအ၀င် အားလုံးပေါင်း ၇ ယောက်ပါလာတယ်။ မေမေကတော့ ဘာပြောကောင်းမလဲ လမ်းကတောင်ပေါ်လမ်း၊ အကွေ့အကောက်တွေကလဲများဆိုတော့ လမ်းတစ်လျှောက်လုံး အန်လာတာ မျော့နေတာပဲ သမီးလေးရေ့။ သမီးလေးကတော့ အိပ်လိုက်တာ သိုးလို့ နေပြည်တော်က အိမ်ကိုရောက်မှ နိုးတယ်။
အံမယ် နေပြည်တော်က တိုက်ခန်းရောက်တော့ သမီးလေးကို ဧည့်ခန်းက ကွပ်ပျစ်လေးပေါ် ပက်လက်ကလေး တင်လိုက်တာနဲ့ သမီးလေးက တစ်အိမ်လုံးကို ဒေါင်းတောက်အောင် မျက်လုံးကလေး ကလယ်ကလယ်နဲ့ လျှောက်ကြည့်နေတာတော့။ တကယ်တော့ ၁ လသမီးဆိုတာ မျက်လုံးအကြည့်တတ်ဖို့ တော်တော်စောသေးတဲ့အရွယ်လေ။ အင်း .. သမီးလေးက အသိမြန်တယ်ပဲ ပြောရမလားပဲ။
မေမေတို့ လေးထပ်တိုက်မှာနေကြတဲ့ လူကြီးတွေရော၊ ကလေးတွေရော သမီးလေးကို လာကြည့်ကြတယ်။ အဲဒီတုံးက သမီးလေးက ၀၀ကစ်ကစ်လေး။ လူတွေက ပြောကြတယ် ”အသားအရောင်ကိုကြည့်ပြီး :P” ဖေဖေနဲ့ ပိုတူတယ်တဲ့။ ဖေဖေကတော့ ပြောတယ် ”မေမေနဲ့ပိုတူတာတဲ့”။
မေမေကတော့ ”မကွေးက ဖေဖေ့အမျိုး (ဘဘ၊ ဦးဦးအောင်) တွေနဲ့သွားတူတာလို့” ထင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ မေမေမကြိုက်တဲ့၊ မတူပါစေနဲ့လို့ဆုတောင်းနေရတဲ့ ”ပွတတနှာခါင်း”ပုံစံမျိုး သမီးလေးမှာ ပါလာလို့လေ။
ဖေဖေတို့ဘက်ကလဲ ကြွေးကြော်ထားတာရှိတယ်။ ”နှာခေါင်းကိုကြည့်၍ ဦးကျော်ရင် (ဖေဖေ့အဖေ) အမျိုးဟုတ်မဟုတ် ခွဲခြားနိုင်သည်” တဲ့လေ။