ဝတ္တုတို

(၁) ငါးလုံးဆုံသည့်နေ့ 1-11-11 ရက်၊ အင်္ဂါနေ့တွင် အမှတ်တရအဖြစ် ရေးပါသည်။

ဇာတိ ပျောက်တဲ့ ကျွန်မ

”ဟယ် .. မွေးရာဇာတိမှာ ယင်းမူကုန်းရွာ ဆိုတာ ပြုတ်ကျန်ခဲ့ပါလား”
”အေး ဟုတ်တယ်။ အဲဒါ သူတို့အမှားမဟုတ်ဘူးကွ။ အစ်ကို့အမှား။ အစ်ကိုက ညည်းတို့ရွာနာမည်ကိုမေ့နေလို့ ပတ်စပို့လျှောက်ဖို့ လျှောက်လွှာဖြည့်စဉ်ကတည်းက ရွှေတောင်မြို့လို့ပဲထည့်လိုက်တာ။ ရွှေတောင်မြို့နယ်ထဲကရွာ ဆိုတာတော့ မှတ်မိတယ်။ နာမည်မေ့နေလို့။ ဆောရီးကွာ”
ကျွန်မ ဂျပန်ပြည်ဝင်ခွင့် ဗီဇာထုထားသော ပတ်စပို့စာအုပ်ကို ကိုင်ရင်း ဘာကြောင့်မှန်းမသိ ရင်ထဲမကောင်းသလိုဖြစ်သွားပြီ သက်ပြင်းချလိုက်မိသည်။

မနက်ဖြန်ဆိုလျင် ကျွန်မသည် ပညာသင်ဆုဖြင့် ဂျပန်နိုင်ငံတွင် ဘွဲ့လွန်မာစတာ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံမှ ထွက်ခွာရတော့မည် ဖြစ်သည်။ သံရုံးမှ အကြောင်းကြားလာသည့် ပညာသင်ဆုရရှိကြောင်းစာ မိမိတို့ ၀န်ကြီးဌာနသို့ နောက်ကျမှ ရောက်လာသဖြင့် နိုင်ငံတော်၏ ခွင့်ပြုချက်ရရှိရေးကိစ္စ၊ ပတ်စပို့လျှောက်ထားရေး၊ လေယာဉ်လက်မှတ်၊ ဌာနဆိုင်ရာကိစ္စများ၊ ဗီဇာကိစ္စများ၊ ၀တ်စုံချုပ်၊ ပစ္စည်းဝယ် စသည်တို့ကို နှစ်ပတ်အတွင်း အပြီးလုပ်လိုက်ရသဖြင့် လူလဲ ဖတ်ဖတ်မောသွားသည်။ နိုင်ငံခြားပညာသင်ကိစ္စ အတွေ့အကြုံရှိခဲ့ဖူးသည့် ခင်ပွန်းဖြစ်သူက အစစအရာရာ ဦးဆောင်လုပ်ပေး၍သာ တော်သေးသည်။ ပတ်စပို့ လျှောက်ထားရန်အတွက် လျှောက်လွှာ ဖောင်ဖြည့်စဉ်ကလည်း ကျွန်မ မအားလပ်၍ သူပဲ ဖြည့်ပေးခဲ့သည်။ သူဖြည့်ပြီးသားလျှောက်လွှာအား ကျွန်မကလဲ ခပ်လောလောစစ်ခဲ့ပြီး တင်ခဲ့ခြင်းဖြစ်သည်။ ပတ်စပို့ ထွက်လာတော့လည်း သေချာမကြည့်မိသေး။ ဗီဇာရဖို့ သံရုံးသို့တင်ရပြန်သည်။ ယနေ့ ဗီဇာထွက်လာတော့မှ သက်ပြင်းချနိုင်ပြီး ယခုမှ စာအုပ်တစ်အုပ်လုံးကို အရသာခံ၍ အပြန်ပြန် အလှန်လှန် ကြည့်မိရာက မွေးရပ်ဆိုသည့်နေရာတွင် ရွှေတောင်တစ်ခုတည်း ဖြစ်နေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။
တကယ်တော့ ကျွန်မ၏ ဇာတိလိပ်စာ အပြည်အစုံမှာ ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းကျေးရွာ ဖြစ်ပါသည်။ လျှောက်လွှာဖောင်ဖြည့်စဉ်ကတည်းက ကျန်ခဲ့သည့် မိမိတို့ဘက်က အမှား ဖြစ်နေသဖြင့် တစ်ကြောင်းနှင့် ကျွန်မတို့ရွာသည် ရွှေတောင်မြို့နယ်အတွင်းတွင်ရှိ၍ ရွှေတောင်ဟုရေးထားခြင်းမှာလည်း အတိုကောက်အနေဖြင့် မမှားဟု ယူဆသည်ကတစ်ကြောင်းတို့ကြောင်း ယင်းအတိုင်းပင် ထားလိုက်ပါတော့သည်။ တစ်ခါမျှ မရောက်ဖူးဘဲ၊ ကျွန်မအပြောဖြင့်သာ ကြားဖူးနေသည့် ရွာနာမည်အား ခင်ပွန်းဖြစ်သူက မေ့သည်ကိုလဲ အပြစ်မဆိုသာပါ။ ကျွန်မတောင် ရွာမပြန်ဖြစ်တာ (၁၅)နှစ်လောက်ရှိပြီပဲမဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် ကျွန်မသည် ကျွန်မ၏ ရွာကို အလွန်ပင် ချစ်ခင်မြတ်နိုးသည်ကတော့ သေချာပါသည်။
ထိုစဉ်ကတည်းကပင် ဇာတိပျောက်မည့် နိမိတ်ပြနေခဲ့လေသလား မသိတော့ပါ။

x           x           x           x           x

”ယင်းမူကုန်း”ဟုခေါ်တွင်သည့် ကျွန်မတို့ရွာသည် ကြံခင်းမြို့တစ်ဘက်ကမ်း၊ ဧရာဝတီမြစ်နှင့် နှစ်မိုင်ခန့်အကွာတွင် ရှိခဲ့ပါသည်။ ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် အပိုင်ဖြစ်သော်လည်း ရွှေတောင်မြို့နှင့်မနီးပဲ ဧရာဝတီမြစ်သာခြားထားသည့် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နှင့် ပိုနီးသည်။  ရွာတွင်းရှိ ရေတွင်းများမှ ရေခန်းချိန် နွေရာသီသို့ရောက်တိုင်း နေ့စဉ်သောက်သုံးရေအတွက် ရွာမှ ၂ မိုင်ခန့်ကွာဝေးသည့် ဧရာဝတီမြစ်သို့ လှည်းများဖြင့် ရေခပ်ဆင်းရလေ့ရှိသည်။ ထိုအချိန်မျိုးတွင် ကျွန်မတို့ကလေးတသိုက်မှာ လှည်းလဲလိုက်စီးရင်း၊ ရေလဲကူးရင်းဖြင့် အလွန်ပင် ပျော်ခဲ့ကြပါသည်။ အဖေ ကြံခင်းမြို့သို့ တစ်လတစ်ခါ ပဲ၊ နှမ်း၊ သီနှံများတက်ရောင်းအပြီးအပြန် ညနေမော်တော်ဆိုက်ချိန်နှင့်ကြုံလျှင် ပို၍ ပျော်ရပါသည်။ အပြန်တွင် အဖေက ရောင်စုံခဲတံများ၊ မုန့်များ၊ ကစားစရာများ ၀ယ်လာတတ်၍ ဖြစ်သည်။
            မှတ်မှတ်ရရ အဲဒီနေ့က အဖေမြို့တက်သောနေ့ဖြစ်ပြီး အိမ်တွင် အမေနှင့် ကျွန်မသာရှိသည်။ ကျွန်မမှာ နွေရာသီကျောင်းပိတ်ရက်ဆိုလျှင် သူငယ်ချင်းများနှင့် ရွာရိုးကိုးပေါက် လျှောက်၍ ဆော့နေသည်က များပါသည်။ ဗိုက်ဆာမှ အိမ်ပြန်လာတတ်သူလည်းဖြစ်သည်နှင့်အညီ နေ့လည် တစ်နာရီခန့်အချိန် အမေ့ကိုလဲအော်ခေါ်ရင်း ဗိုက်ဆာဆာဖြင့် တံခါးမကြီးကိုဖြတ်၍ မီးဖိုချောင်အထိ တောက်လျှောက် ပြေးဝင်သွားပါသည်။ မီးဖိုချောင်ထဲသို့ ၀င်ဝင်ချင်း ရုတ်တရက်ကျွန်မမြင်လိုက်ရသည်က အမေမဟုတ်။ ကျွန်မအရပ်ထက် နှစ်ပြန်မြင့်သည့် မီးဖိုမှ မီးတောက်မီးလျှံကြီးဖြစ်သည်။
ရှစ်နှစ်ဝန်းကျင်သာ ရှိသေးသည့်ကျွန်မ ဘာလုပ်ရမှန်းမသိ ကြောင်လျက် တဒင်္ဂရပ်နေမိပြီး သတိဝင်လာသောအခါ ..
”အမေရေ မီး မီး”
ဟု အသံကုန် ဟစ်အော်မိပါတော့သည်။
ထိုအချိန် အိမ်နောက်ဖေး ဆူးပုတ်ပင်မှ ဆူးပုတ်ရွက်များ ခူးသင်နေသော အမေ ပြေးလာနေသံကို ကြားရပြီး မကြာမီ ပန်းကန်ဆေးသည့် စဥ့်အိုးထဲမှ ရေများယူကာ မီးတောက်ဆီသို့ ပက်လိုက်သည်ကို တွေ့ရပါသည်။ သို့သော် မီးမှာ ငြိမ်း၍ မသွားပါ။ ထို့နောက် ကျွန်မတို့သားအမိနှစ်ယောက်သည် အိမ်တွင်ရှိရှိသမျှ ချိုးရေ၊ သောက်ရေ၊ သုံးရေများအားသွားခပ်လိုက်၊ မီးတောက်ဆီသို့ ပက်လိုက်၊ ပါးစပ်မှလဲ မီး.. မီး.. ဟုအော်လိုက်နှင့် ဗျာများနေကြစဉ် ခြေရင်း၊ ခေါင်းရင်းမှလူများ ရေပုံးများဖြင့် ၀ိုင်းအုံရောက်ရှိလာကြသည်။ လူအင်အားဖြင့် ကြိုးစားငြိမ်းသတ်ကြသော်လည်း မီးတောက်မှာ ကြီးသထက်သာ ကြီးလာ နေသည်။ နေအပူရှိန်ကြောင့် ကြွက်ကြွက် ဆူနေသော မီးဖိုချောင်သက္ကယ်အမိုးထိပါ ကူးစက်လောင်ကျွမ်းလျက်ရှိသည်။ မကြာမီ အိမ်မကြီးအမိုးအထိပါ ကူးစက်လာလျက် တစတစ တစ်အိမ်လုံး ၀ါးမြိုပစ်တော့မယောင် ဖြစ်နေပါပြီ။
တစ်အိမ်နှင့်တစ်အိမ်လည်း အလွန်နီးကပ်လျက်ရှိရာ အနီးအနားမှ အိမ်ခေါင်မိုးများလဲ အပူရှိန်ကူးစက်လာပြီး ဖျစ် .. ဖျစ် မြည်သံများပင် ထွက်ပေါ်လာသည်။ ပြင်ပတွင် နေကလည်း ခြစ်ခြစ်တောက် ပူပြင်းလျက်ရှိရာ မီးကို ပို၍ အရှိန်ကောင်းစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်လျက်ရှိသည်။ ကျွန်မတို့အိမ်မှ မီးညွန့်အား မချိုးနိုင်ပါက ဘေးအိမ်များသို့ပါ လျင်မြန်စွာ ကူးစက်သွားပြီး တစ်ရွာလုံး ပြာကျတော့မည့် အခြေအနေရှိနေသည်။ မိမိတို့၏ပစ္စည်းများ ကိုယ်စီသယ်ပြီး မီးလွတ်ရာသို့ ပြေးသူများလည်း ပြေးကုန်ကြပေပြီ။ မီးညွန့် မကူးလာစေရန် မိမိတို့ သယ်ကယ်မိုးများကို ဖျက်ချနေသူများလည်း ရှိသေးသည်။ တစ်ဖျစ်ဖျစ် မြည်လာသော မိမိတို့အိမ်ခေါင်မိုးများ မီးထမတောက်စေရန် အိမ်ခေါင်မိုးများပေါ်သို့ ရေဖြန်းနေကြသူများလည်း ရှိသည်။ ကျွန်မတို့ သားအမိလည်း ပစ္စည်းများကို လှည်းပေါ်သို့ နိုင်သလောက် အခေါက်ခေါက် အခါခါသယ်ရင်း မီးလွတ်ရာသို့ ပြေးဖို့ပြင်ရသည်။
နွေခေါင်ခေါင် မိုးရွာပေးဖို့ မိုးနတ်မင်းထံ ဆုတောင်းရုံမှ တစ်ပါးမရှိတော့ပြီဟု စိတ်ထဲ တွေးထင်မိသည်။။ အဘယ့်ကြောင့်ဆိုသော် စုဆောင်းထားသော ရေများလဲ ကုန်လုနီးဖြစ်လာပြီး ရေတွင်းများကလဲ ရေခမ်းလျက်ရှိရာ ဆက်လက် မီးငြိမ်းသတ်စရာ ရေမရှိတော့၍ဖြစ်သည်။
            အမေနှင့်ကျွန်မ လှည်းပေါ်တက်၍ မောင်းထွက်မည်ပြုစဉ် မီးငြိမ်းသွားကြောင်းသိရသဖြင့် အတိုင်းမသိ ၀မ်းသာသွားသည်။ ကယ်တင်ရှင်မှာ မိုးနတ်မင်း မဟုတ်ပါ။ ရေတိုင်ကီများကို လှည်းပေါ်တင်၍ ဧရာဝတီမြစ်ဆီမှ ရေခပ်၍ ပြန်လာသော နွားလှည်းများ ကံကောင်းထောက်မစွာဖြင့် ကျွန်မတို့ အိမ်ရှေ့မှ ဖြတ်သွားသည့်အချိန်နှင့် ဆိုက်ဆိုက်မြိုက်မြိုက် ကြုံကြိုက်သွား၍ ဖြစ်သည်။
            မီးကူငြိမ်းသတ်ပေးကြသော ရွာသူရွာသားများ၊ ရေလှည်းများ၊ ပစ္စည်းကူသယ်ပေးကြသူများ အားလုံးနှင့် အမေ၏ မီးပေါ့ဆမှုကို ခွင့်လွှတ် နားလည်ပေးကြသော ရွာသူရွာသားများ အားလုံးကို အားနာ ကျေးဇူးတင်မိကြောင်း ပြောလိုပါသည်။
ထို့ပြင် ဧရာဝတီမြစ်ကြီးအား ပို၍ပင် ကျေးဇူးတင်ရပါသည်။
အဘယ့်ကြောင့်ဆိုသော် ဧရာဝတီမြစ်ရေရှိ၍ ကျွန်မတို့ ရွာလေး ပြာကျပျောက်ဆုံးမသွားခဲ့ခြင်းပင် မဟုတ်ပါလား။

x         x           x           x           x

            ”မစ်စ်ဇာဇာတို့ရွာက ရွာသူရွာသားတွေစုပြီး မီးသတ်ကားတစ်စီးလောက် ၀ယ်ထားသင့်တယ်လို့ မစဉ်းစားမိကြ ဘူးလား”
            ကျွန်မတက်ရောက်နေသည့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်မှ ”အင်္ဂလိပ်လိုရေးသားခြင်း” သင်ခန်းစာချိန်တစ်ခုတွင် ဖြစ်သည်။ ”ကျွန်ုပ် စွဲထင်မှတ်မိနေဆဲ အခိုက်အတန့်လေးတစ်ခု” ခေါင်းစဉ်အောက်တွင် မိမိကိုယ်တွေ့အဖြစ်အပျက်တစ်ခုကို ရေးရ ခြင်းဖြစ်ရာ ကျွန်မရေးသားထားသည့် ”မီးဖိုထဲကမီး” အဖြစ်အပျက်လေး ဖတ်ပြခြင်းကို နားထောင်ပြီးနောက် အမေရိကန်လူမျိုး ဆရာမကြီး မစ်စ်မေရီအန်းက မှတ်ချက်ပေးလိုက်ခြင်းဖြစ်သည်။
            ထို့နောက် .. ဂျပန်ကျောင်းသားတစ်ယောက်ကလည်း …
            ”မီးသတ်ဌာနကို ချက်ချင်းဖုန်းဆက်သင့်တယ်” ဟု မှတ်ချက်ပြုပြန်သည်။
၎င်းတို့မှတ်ချက်များကိုအကြား ကျွန်မဖြတ်ခနဲ ရယ်ချင်စိတ် ဖြစ်သွားမိပြီးမှ အသာလေးငြိမ်နေလိုက်ရပါသည်။
…. အော် … ကားထုတ်နိုင်ပြီး ကားဈေးသက်သာတဲ့ အမေရိကန်က လာတဲ့သူဆိုတော့လည်းလေ …
….. အင်း … ချက်နေတဲ့ ဟင်းအိုးက မီးခိုးထွက်တာများသွားလို့ဆိုရင်တောင် မီးဖိုချောင်ထဲမှာတပ်ထားတဲ့ အာရုံခံ မီးသတိပေးစက်က တတီတီ ထအော်တာကြောင့် ဖုန်းဆက်စရာတောင်မလိုဘဲ မီးသတ်ကား အိမ်ရှေ့ကို အော်တိုမစ်တစ် ရောက်လာတာကိုပဲ သိထားတဲ့ ဂျပန်လူမျိုး ဆိုတော့လည်းလေ …” ဟူ၍သာ စိတ်ထဲမှ ညည်းတွားလျက် မဲ့ခနဲ ပြုံးတော့မည့်နှုတ်ခမ်းကို မကောင်းတတ်၍ လက်နှင့်ကာလိုက်ရပါတော့သည်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသည် မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် နိုင်ငံခြားသားပင်ဖြစ်သော်ငြား ကျွန်မတို့ရွာလေးအကျိုးအတွက် မဆီမဆိုင်ကူပြီး စဉ်းစားပေးခဲ့ခြင်း အတွက်တော့ ကျေးဇူးတင်မိရပါသည်။
x         x           x           x           x

“ဟုတ်လို့လား အမေရယ်” ဟု ကျွန်မ ကိုယ့်နားကိုယ် မယုံချင်၍ ထပ်မေးမိသည်။
“ဟုတ်တယ်သမီးရေ့ … မအေးမေတို့အိမ်ခြေရင်းတောင် ရောက်နေပြီတဲ့။ တစ်ရွာလုံးလဲ ဘယ်တွေရောက် ကုန်မှန်းမသိ ပြေးကြပြီ … သင်္ခါရတရားသာ ရှုရမှာပေါ့အေ …” ဟု အမေက ကျွန်မ၏အမေးကို ထပ်မံအတည်ပြုရင်း တရားကျ သံဖြင့် ပြောသည်။
ပြည်မြို့တွင် နေထိုင်သည့် မိဘများထံ ဖုန်းဆက်စဉ် အမေ့ထံမှ ”ယင်းမူကုန်း”ရွာ၏ သတင်းဆိုးကို ကြားသိရခြင်း ဖြစ်သည်။
အော် .. တစ်ချိန်က ကျွန်မတို့ရွာလေးကို မီးဘေးကလွတ်အောင် ကယ်တင်ခဲ့တဲ့ ဧရာဝတီကိုယ်တိုင်ကပဲ ရွာလေးကို ပြန်သတ်နေပြီတဲ့လား …
x         x           x           x           x

ကျွန်မငယ်စဉ်ကဖြစ်သည်။ တစ်နေ့သü ဆရာမသည် ”ကျွန်ုပ်၏အဖေအကြောင်း” ဟူသောခေါင်းစဉ်ဖြင့် ကျွန်မတို့ ကျောင်းသားကျောင်းသူများကို စာစီစာကုန်းအိမ်စာ ရေးခိုင်းပါသည်။
”ကျွန်မ၏အဖေသည် ရွှေတောင်မြို့နယ်၊ လက်ပံကားယား ကျေးရွာဇာတိဖြစ်ပါသည်” ဟူ၍ အစချီလျက် စာစီစာကုံးရေးလျက်ရှိစဉ် အနီးတွင် လဲလျောင်းကာ ဆေးလိပ်သောက်နေသည့် အဖေ့အား ကျွန်မ ရုတ်တရက် မေးခွန်းထုတ်လိုက်မိသည်။
”အဖေ .. အဖေ့ဇာတိ လက်ပံကားယားရွာက ဘယ်မှာလဲ … သမီးလဲ တစ်ခါမှ မရောက်ဖူးပါလား” ဟု မေးလိုက်ရာ အဖေက ကျွန်မလက်ကိုဆွဲ၍ အိမ်နောက်ဖေးသို့ ခေါ်သွားပါသည်။ ထို့နောက် ”… အဖေတို့ရွာက ဟိုး …မှာ သမီးရဲ့” ဟု မှိန်ပျပျလှမ်းမြင်နေရသည့် ဧရာဝတီမြစ်ပြင်ကျယ်ဘက်အား လက်ညှိုးညွှန်လျက် စိတ်မကောင်းဖြစ်သည့်အသံဖြင့် ပြောရှာ ပါသည်။  ကျွန်မမှာ အော် အဖေလည်း သူ့ရွာကို လွမ်းလို့ထင်ပါရဲ့လေဟုသာ တွေးလျက် အဖေလက်ညှိုးညွှန်ရာနေရာအား မြင်သယောင် ခေါင်းငြိမ့်နေခဲ့ရသော်လည်း အဖေညွှန်ပြသည့်ဘက်ü ဖွေးဖွေးဖြူနေသည့် ရေပြင်မှတစ်ပါး ရွာနှင့်တူသည့် အရာဟူ၍ ရေးရေးမျှ မမြင်မိခဲ့ကြောင်း ခုချိန်ထိ မှတ်မိနေပါသေးသည်။

x         x           x           x           x
လွန်ခဲ့သော လေးနှစ်ကျော် ငါးနှစ်လောက်က မြန်မာနိုင်ငံမှ မထွက်ခွာမီ ရွာမှအမျိုးတစ်ယောက် အလည် လာသည်နှင့်ကြုံ၍ ကျွန်မတို့ရွာအကြောင်း မေးကြည့်ခဲ့ဖူးသည်။ ၄င်း၏ပြောပြချက်အရ လယ်များ၊ ကိုင်းများ ကမ္ဘားပြို သည့်အထဲ ပါကုန်သဖြင့် လုပ်စားစရာမရှိတော့သောကြောင့် ယင်းမူကုန်းရွာသားတော်တော်များများသည် မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ ထွက်ပြီး အလုပ်သွားလုပ်သူလုပ်၊ အနားအနီးရွာများသို့ပြောင်းသူပြောင်းဖြင့် ရွာသည် ယခင်လို ပျော်စရာ မကောင်းတော့ကြောင်း နောက်ဆုံးသတင်း ကြားသိခဲ့ရသည်။
ထိုစဉ်ကတည်းက (၁၅)နှစ်ကျော်အတွင်း တစ်ခေါက်မျှ မရောက်ဖြစ်တော့သည့် ယင်းမူကုန်းရွာသို့ တစ်ခေါက်တော့ အလည် သွားဖြစ်အောင် သွားမည်ဟု အားခဲထားခဲ့ဖူးသည်။ မသွားဖြစ်ခဲ့ခြင်းအတွက် ယခုမှ ကျွန်မ နောင်တ တော်တော် ရမိသည်။ ရှက်ရှက်နှင့်ဝန်ခံရမည်ဆိုလျှင် ထိုစဉ်က ပိုက်ဆံ မပေါခြင်းကြောင့် မသွားဖြစ်ခဲ့ခြင်း ဟု ဆိုနိုင်ပါသည်။
ကျွန်မ ရွာသို့အလည်သွားချင်ကြောင်း ပြောပြစဉ် အမေကပြောသည်။ တရွာလုံးလိုလို အလုပ်မရှိကြတော့၍ စားစရာမရှိ၊ ဆင်းရဲနေကြကြောင်း၊ သွားလျှင် ပေးကမ်းစရာ၊ ကန်တော့စရာ ပိုက်ဆံများများပါမှ သွားသင့်ကြောင်းနှင့် ပိုက်ဆံအလုံအလောက်မပါဘဲသွားလျှင် ပေးကလဲပေးချင်၊ ပိုက်ဆံကလဲမလောက်ငနှင့် စိတ်ဆင်းရဲဖွယ်ရာသာ ဖြစ်လိမ့် မည်ဖြစ်ကြောင်းတို့ကို ရှင်းပြသည်။ ပိုက်ဆံပေါရင်သွား၊ မပေါရင်မသွားနဲ့အုံးအေဟု ဆိုသည်။ သို့နှင့် ထိုစဉ်က ၀န်ထမ်း လစာနှင့် မိသားစုစားဝတ်နေရေးလောက်ငအောင် မနည်းရုန်းကန်နေခဲ့ရသည့်ကျွန်မ ပိုက်ဆံမပေါသောကြောင့် ရွာသို့ မပြန်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။
ယခုတော့ ကျွန်မချစ်သော ဧရာဝတီသည် ကျွန်မတို့၏ လယ်များ၊ ကိုင်းများကို တိုက်စားပစ်ရုံမျှဖြင့် အားမရ နိုင်သေးဘဲ ကျွန်မချစ်သော မွေးရပ်ဇာတိရွာကိုပါ ၀ါးမြိုလာလိုက်သည်မှာ ရွာလည်အထိပင် ရောက်နေပြီဆိုပါရောလား။
ရွာသားတော်တော်များများသည်လဲ ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့ကုန်ကြလျက် ရွာကိုသံယောဇဉ် မဖြတ်နိုင်ကြသေးသော သူတစ်ချို့နှင့် လယ်၊ ကိုင်း အနည်းအပါး ကျန်သေးသည့်သူတစ်ချို့သာ ညစဉ်ညတိုင်း ကမ္ဘားပြိုသံ တ၀ုန်းဝုန်းအား ဂီတသံအလားနားစဉ် ဥပက္ခာပြုလျက် ရွာလေးကို အသက်ဝင်အောင် လုပ်ပေးနေကြသည်တဲ့လေ။
ပြောင်းရွှေ့သွားကြသူတစ်ချို့ကလည်း ၁၀ အိမ်တစ်စု၊ အိမ် ၂၀ တစ်စု စသည်ဖြင့် ယင်းမူကုန်းလေး (၁)၊ ယင်းမူကုန်း လေး (၂) ဟူ၍ မိမိတို့ဘာသာ နာမည်များပေးကာ စုစည်းနေကြပါသည်တဲ့။ သို့ကလို့ကြောင့် ရေတိုက်စားခံနေရသော ကျွန်မတို့ရွာလေးမှာလည်း ယင်းမူကုန်းဟူသော မူလအမည်မှသည် အလိုလိုနေရင်းဖြင့် ရာထူး တိုးကာ ယင်းမူကုန်းကြီး ဖြစ်သွားရ ပါသည်တဲ့လေ။ ငါပြန်ရောက်တဲ့အထိတော့ စောင့်ပါဦး ယင်းမူကုန်းကြီးရယ်။ မသွားပါနဲ့ဦးနော် ဟုသာ ကျွန်မမှာ ဖုန်းဆက်တားလို့ရပါက တားလိုက်ချင်မိပါတော့သည်။ ယင်းမူကုန်း၏ နောက်ဆုံး နေ၀င်ချိန်အားလည်း တသက်တာအလွမ်းပြေအတွက် မြင်ခွင့်ရချင်ပါသေးသည်။
x         x           x           x           x
ညက အိပ်မက်ထဲတွင် ကျွန်မ၏သမီးက ”အမေ့ ဇာတိက ဘယ်မှာလဲ” ဟု မေးခွန်းထုတ်လိုက်ရာ ကျွန်မမှာ ဘာဖြေရမှန်း မသိဘဲ စိတ်အားငယ်စွာဖြင့် အခက်တွေ့နေစဉ် အိပ်မက်မှလန့်နိုးသွား၍သာ တော်ပါတော့သည်။

”ကမ္ဘားဓါးအောက်
 အသက်မပျောက်မီ
အားရှိသလောက်ဖြင့်
ရုန်းကန်နေရရှာသော
ယင်းမူကုန်းကြီးတစ်ဖြစ်လဲ
ယင်းမူကုန်းရွာနှင့်
အလားတူရွာများအား
ဦးညွှတ်နှုတ်ဆက်လျက်”

မဇာစိုး (ယင်းမူကုန်း)