Friday, July 22, 2011

သမီးလေးကိုမွေးတဲ့နေ့

သမီးလေးရေ ... 

ဒီ Blog ကို ဘယ် Post နဲ့ စဖွင့်ရမလဲလို့ စဉ်းစားလိုက်တော့ ... ဖေဖေနဲ့မေမေရဲ့ ဘ၀ထဲကို သမီးလေး စ၀င်လာတဲ့နေ့ကစရင် ကောင်းမှာပဲလို့ စဉ်းစားမိတယ်။

သမီးလေးကိုမမွေးခင် ဖေဖေနဲ့မေမေ ရွှေတိဂုံဘုရားရဲ့ အရှေ့မုဒ်က ဆရာဖြိုးဟန်ကျော်ဆီ ဗေဒင်သွားမေးတယ်။ ရူးတယ်ပဲဆိုဆို သမီးလေး ဘ၀တစ်လျှောက်လုံး ကံကောင်းစေမယ့် နေ့မှာပဲ သမီးလေးကို ဗိုက်ခွဲပြီး မွေးမယ်လို့ မေမေတို့ (၂) ယောက် ဆုံးဖြတ်ခဲ့ကြတယ်။ 

ဆရာက ရက်စွဲ (၃) ခုပေးတယ်။ ကျန်တဲ့ (၂)ခုကိုတော့ မေမေ မမှတ်မိတော့ဘူး။ သမီးလေးကို မွေးပေးမယ့် ဆရာဝန်ကြီးနဲ့တိုင်ပင်ပြီးတဲ့နောက် တနင်္ဂနွေနေ့လည်းဖြစ်၊ ရာဇဖွားလည်းဖြစ်တဲ့ 18-3-2007 နေ့ကိုပဲ Due Date အဖြစ် မေမေတို့ရွေးလိုက်ကြတယ်။


သမီးလေးကို ပြည်မြို့က လောကပါလ အထူးကုဆေးခန်းမှာ 18-3-2007၊ နံနက် 6 နာရီ 15 မိနစ် မှာ မွေးတယ်။
ပြောရဦးမယ် သမီးလေးရေ။ အဲဒီနေ့မှာ သမီးလေးအတွက် ဖေဖေက လက်ဆောင်တစ်ခုပေးခဲ့တယ် သိလား။
ဘာလဲဆိုတော့ ... သမီးလေးအတွက် ဆေးလိပ်ဖြတ်ခဲ့တာလေ။
သမီးလေး မမွေးခင်ကတည်းက မေမေအတန်တန်ဖြတ်ခိုင်းခဲ့တဲ့ ဆေးလိပ်ကို သမီးလေးကို မွေးမယ့်ညကစပြီး ဖေဖေက တစ်ညလုံးမသောက်ဘဲ ကြိတ်မှိတ်ပြီး နေနိုင်ခဲ့တယ်။ ဆေးလိပ်မီးခိုးငွေ့တွေနဲ့ မနမ်းချင်လို့တဲ့။ သမီးလေး ရောဂါဖြစ်မှာစိုးလို့တဲ့။ အဲဒီအချိန်ကတည်းက ဒီနေ့အထိပဲ အဲဒီလက်ဆောင်ကရှိနေသေးတယ်လေ။ ဖေကြီးနဲ့မေကြီးစကား နားထောင်ပြီး တစ်သက်လုံး လိမ်လိမ်မာမာ နေနော် သမီးလေး။ 

သမီးလေးကို ချစ်တဲ့
မေမေ

No comments: