Sunday, August 14, 2011

လူဝင်စားအိပ်မက်

သမီးလေးရေ ...
ဒါကိုဖတ်ပြီး နေမကောင်းမဖြစ်နဲ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေရှေ့မှာတဲ့ သူတို့ကိုလူဝင်စားတဲ့အကြောင်းတွေပြောရင် အဲဒီကလေးက နေမကောင်းဖြစ်တတ်တယ်တဲ့။ ဒါပေမယ့် 
ပါးစပ်နဲ့ ပြောတာမှမဟုတ်တာ၊ စာနဲ့ရေးတာပဲလေနော်။ ကိစ္စမရှိလောက်ပါဘူး။ :P
ဒီလိုသမီးလေးရေ့ ...
သမီးလေးကို ကိုယ်ဝန်လွယ်ထားတုံး ၅ လလောက်မှာ မေမေ ထူးခြားတဲ့အိပ်မက်မက်တယ်။
အသားဖြူဖြူ အရပ်ရှည်ရှည်၊ အေးချမ်းတဲ့မျက်နှာရှိတဲ့ အဘကြီးတစ်ယောက်က မေမေ့ရှေ့မှာ မတ်တပ်ရပ်နေတယ်တဲ့။ မေမေ့ရဲ့ အမေ (ဘွားဘွား)က အဲဒီ အဘကြီးကို စကားလှမ်းပြောလိုက်တယ်တဲ့။ ”ဘကြီးက ကျွန်မကို သိန်း ၅၀၀ ပေး၊ ကျွန်မက ဘကြီးကို လက္ဘက်ခြံလုပ်ပေးမယ်၊ ကျွန်မတို့ မရှိတော့ရင် ဘကြီးကို အဲဒီလက္ဘက်ခြံ ပေးခဲ့မယ်”တဲ့။ အဲဒီစကားကြားတော့ မေမေက အိပ်မက်ထဲမှာ စဉ်းစားနေသေးတယ်။ ဟင် ဘကြီးက အမေ့ထက် အသက်ကြီးတော့ ဘကြီးက အရင်သွားမှာပေါ့လို့။ အဲဒီနာက် မေမေတို့ ၃ ယောက် တော်တော်လေး သာသာယာယာရှိတဲ့ တောလမ်းလေး (မုံရွာလိုလို မုံရွေးလိုလိုဆိုင်းဘုတ် ရေးထားတယ်) မှာ လမ်းလျှောက်လာကြတယ်။ ဘွားဘွားက အထုပ်ကြီးတစ်ထုတ် ခေါင်းပေါ်မှာရွက်လို့၊ မေမေက ဘွားဘွားဘေးမှာ၊ အဘကြီးက မေမေတို့ရှေ့မှာ အဲဒီလို ၃ ယောက် လမ်းလျှာက်နေကြတယ်။ အဲဒီ့အချိန် မေမေ့စိတ်ထဲ ဖျပ်ကနဲ ... အဘကြီး သနားပါတယ်ဘေးကနေတွဲပြီး လျှောက်လိုက်ဦးမှာပါ .... လို့တွေးပြီး အဘကြီးရဲ့ ဘယ်ဘက် လက်ကလေးကို လှမ်းကိုင်လိုက်တယ်။ အဲဒီ့အချိန်မှာ မေမေတွေ့လိုက်တာက သူ့ရဲ့ လက်ခုံအပေါ်မှာ အမည်းရောင် အမှတ်ကလေး။ လက်ကိုလှမ်းအကိုင်၊ အမှတ်ကိုလဲ အတွေ့ မေမေဖျပ်ကနဲ လန့်နိုးသွားတယ်။ အဘကြီးကို မေမေ့ရဲ့ဗိုက်ထဲကလေးအဖြစ်ဝင်စားဖို့ မေမေက လက်ခံလိုက်တယ်ဆိုတဲ့ သဘောပဲထင်ပါရဲ့နော်။
မနက်မိုးလင်းတော့ ကြီးကြီး (ဘွားဘွားကြီးဒေါ်တင်လှ)ကိုပြောပြတော့ ”အဲဒါဆို ဘကြီးဖိုးလူ ၀င်စားတာတဲ့” သူကလဲ သူ့လိုရာ ဆွဲပြောတယ်။ ဘကြီးဖိုးလူဆိုတာ မေမေတို့ငယ်ငယ်တုံးက ရွာမှာ နေပြီး ဆုံးသွားတဲ့ ဘွားဘွားကြီးဒေါ်တင်လှရဲ့ ယောက္ခထီး။ ချွေးမကိုလဲ အရမ်းချစ်တယ်တဲ့။ ဘကြီးဖိုးလူကို မေမေလဲ ငယ်ငယ်က မြင်ဖူးတယ်။ တစ်ကိုယ်လုံး အမှတ်တွေနဲ့၊ ဆေးမှင်ကြောင်တွေနဲ့။ ဘုရားတရားလဲလုပ်တယ်။ တစ်ရွာလုံးကလဲ သူတော်ကောင်းကြီးအနေနဲ့ လေးစားကြတယ်။
ဘွားဘွားကြီးကတော့ သူ့ကိုချစ်လို့ သူ့နောက်လိုက်လာတာလို့ ထင်နေတယ်။ ... သူလဲ သူ့နီးစပ်ရာ၊ လိုရာကို ဆွဲပြီးပြောတာဖြစ်မှာပါလေ။
မုံရွာ/မုံရွေးလို့ ဆိုင်းဘုတ်ပါတော့ ဖေဖေနေခဲ့တဲ့မြို့ဖြစ်ပြီး ဖေဖေလဲ အရမ်း (အရမ်း) ကို ချစ်တဲ့မြို့ဖြစ်တဲ့ ”မုံရွာ”က ဖေဖေ့အဆက်အနွယ်တွေလဲ ဖြစ်နိုင်တာပဲနော်။
သေချာတာတစ်ခုက အဲဒီအဘကြီးရဲ့မျက်နှာက လောဘဒေါသကင်းပြီး အေးချမ်းနေတဲ့အတွက် မေမေ့သမီးလေးကလဲ အေးချမ်းပြီး ပြီးပြည့်စုံတဲ့သမီးလေး ဖြစ်မှာဆိုတာပါပဲ။
သမီးလေး မမွေးခင် မေမေက အဲဒီအိပ်မက်ကို စိတ်ထဲမှာ အမြဲရှိခဲ့တယ်။ မွေးလာရင်တော့ အမှတ်ပါ/မပါ အရင်ကြည့်မယ်လို့တေးထားတယ်။ မေမေ မွေးခန်းထဲဝင်ခါနီးတောင် ဖေဖေ့ကို သေချာမှာခဲ့သေးတယ်။ ကလေးထွက်လာရင် လက်မှာအမှတ်ပါလား အရင်ကြည့်ပေးဦးလို့။
တကယ်တော့ ကလေးထွက်လာတဲ့အချိန် မေမေတို့ ၂ ယောက်လုံး လက်ကအမှတ်ကို ကြည့်ဖို့ထက် အင်္ဂါ စုံ/မစုံ စိတ်ပူနေရတာနဲ့၊ အသားဝါဖြစ်ရင်ဒုက္ခဆိုပြီး တွေးပူနေကြရတာနဲ့၊ ဗိုက်ခွဲထားတဲ့နေရာက နာတာနဲ့ပဲ စိတ်မောပြီး လက်ကိုကြည့်ဖို့ မေ့နေခဲ့တယ်။
သတိရလို့ နို့တိုက်ရင်း ကြည့်လိုက်တော့ သမီးလေးရဲ့ ဘယ်ဘက်လက်ခုံမဟုတ်ဘဲ၊ ညာဘက်လက်ခုံပေါ်မှာ မေမေ အိပ်မက်ထဲတုံးက မြင်ခဲ့ရတဲ့ မည်းမည်းအမှတ်ကလေး ပါလာတယ်။ အဲဒီအမှတ်ကလေးက သမီးလေး တစ်ဖြည်းဖြည်းကြီးလာတော့ အရောင်တဖြည်းဖြည်းမှိန်ပြီး မီးခိုးရောင်ဖြစ်သွားတယ်နော်။ နောက်ပိုင်း တစ်ဖြည်းဖြည်း ပျောက်သွားမလားဘဲ ....။

သမီးလေး ဘ၀တစ်လျှောက်လုံး ဖေဖေ၊ မေမေတို့နဲ့ ပြီးပြည့်စုံ အေးချမ်းစွာ နေနိုင်ပါစေ ....

သမီးလေးကို ချစ်တဲ့ ..
မေမေ

No comments: